နိုင်ငံသစ် တည်ဆောက်ခြင်း

Published on Sun, 04/24/2016 - 14:33

 

 

 

လူတစ်ယောက် သူ၏ ခြံဝင်းထဲမှ လမ်းမပေါ်သို့ ထွက်လာသည်။ ထို့နောက် သူ့လက်ထဲမှ အမှိုက်တစ်စကို လမ်းမပေါ်သို့ ပစ်ချလိုက်သည်။ ထိုအပြုအမူကို မြင်လိုက်သည့် လမ်းသွားလမ်းလာ တစ်ယောက်က လှမ်းမေးသည်။

“ခင်ဗျား အိမ်ထဲမှာ ဆိုရင် အဲဒီလို ပစ်ချမလား”

“အိန္ဒိယ တစ်နိုင်ငံလုံးက ခင်ဗျားအိမ်ပါ”

အိန္ဒိယ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုမှ ဇာတ်ဝင်ခန်း တစ်ခုကို ပြန်ရေးပြခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် တစ်ခုခု ပြုမူလိုက်တိုင်း “နိုင်ငံ” ကို ထည့်သွင်းစဉ်းစားလေ့ မရှိ။ နိုင်ငံကို မိမိနှင့် အဝေးဆုံးမှာ ပစ်ထားလေ့ ရှိသည်။ နိုင်ငံကို မိမိနှင့် အဝေးကြီးဟု ထင်မှတ်ကာ ‘မိမိ’ ‘မိမိ၏ မိသားစု’ ‘မိမိ၏ အိမ်’ ကိုပဲ ဗဟိုပြု စဉ်းစားလေ့ရှိသည်။ တကယ်တော့ မိမိက ဤနိုင်ငံထဲမှာ နေသူ ဖြစ်သည်။ မိမိ၏ မိသားစုကလည်း ဤနိုင်ငံထဲမှာ နေသူတွေပင် ဖြစ်သည်။ မိမိ၏ အိမ်ကလည်း ဤနိုင်ငံထဲမှာ ဆောက်ထားခြင်းဖြစ်သည်။

ကျွန်တော်တို့ ရပ်တည်နေသည့် ခြေအစုံကို ငုံ့ကြည့်လိုက်ပါ။ နင်းထားသော မြေကြီးသည် ဤနိုင်ငံဖြစ်သည်။ ကျွန်တော်တို့ ရှူနေသည့် လေကို သတိပြုလိုက်ပါ။ ရှူနေသော လေသည် ဤနိုင်ငံဖြစ်သည်။ ကျွန်တော်တို့ စားနေသော ထမင်းသည် ဤနိုင်ငံ ဖြစ်သည်။ ကျွန်တော်တို့ သောက်နေသော ရေသည် ဤနိုင်ငံဖြစ်သည်။ ကျွန်တော်တို့၏ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု သုံးပါးစလုံးသည် ဤနိုင်ငံနှင့် မလွတ်။ ဤနိုင်ငံနှင့် ဆက်စပ်နေသည်ချည်းသာ။

ယခု ဤစာကို ဖတ်နေသော သင်သည် ဤနိုင်ငံနှင့် ဝေးရာ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ရောက်နေသည် ဆိုငြားအံ့။ ထို့အပြင် တခြားနိုင်ငံသား ခံယူလိုက်သည်ပင် ဆိုပါစေဦး။ သင်သည် သင်မွေးဖွား ကြီးပြင်းခဲ့သည့် ဤနိုင်ငံနှင့် ကင်းလွတ်သွားပြီဟု ထင်ပါသလား။ ဤနိုင်ငံနှင့် မပတ်သက်တော့ဘူးဟု ယူဆနေပါသလား။ ယခုဘ၀ အတွက်တော့ စိတ်ချလိုက်ပါ။ သင်သည် ဤနိုင်ငံသား အဖြစ်မှ ဘယ်တော့မှ လျော့ကျသွားတော့မည် မဟုတ်ချေ။ သင်မသေမချင်း ဤနိုင်ငံနှင့် ဆက်စပ်ပတ်သက် နေရဦးမည်သာ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့သည် နိုင်ငံနှင့် ပတ်သက်လာလျှင် ရုပ်ပိုင်းဆိုင်ရာကိုသာ ပြောင်းလဲလို့ ရကောင်းရမည်။ နာမ်ပိုင်းဆိုင်ရာကိုမူ ဘယ်တော့မှ ပြောင်းလဲလို့ ရမည် မဟုတ်ပေ။

ပြောလိုရင်းက ‘နိုင်ငံ’ ဟူသည် ကျွန်တော်တို့နှင့် အနီးဆုံးမှာ ရှိနေသော အရာ ဖြစ်သည်။ စကားကုန်အောင် ပြောလိုက်မည်။ ကျွန်တော်တို့သည်ပင် နိုင်ငံ။ နိုင်ငံသည်ပင် ကျွန်တော်တို့။ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ လှည့်ပတ်စီးဆင်းနေသော သွေးကြောများသည် နိုင်ငံ။ ကျွန်တော်တို့၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ် အို အတွင်းကလီစာ အားလုံးသည် နိုင်ငံ။ ကျွန်တော်တို့ မျက်လုံးသည် နိုင်ငံနှင့် မလွတ်။ ကျွန်တော်တို့ နှာခေါင်း၊ ပါးစပ်၊ နား ဘယ်အရာကများ နိုင်ငံနှင့် ကင်းလွတ်သည်ဟု ဆိုနိုင်ပါအံ့နည်း။ တစ်နည်းပြောရလျှင် ကျွန်တော်တို့ တစ်ကိုယ်လုံးသည် နိုင်ငံတုံး နိုင်ငံခဲကြီး ဖြစ်သည်။

ထိုကဲ့သို့ မိမိကိုယ်ကို နိုင်ငံနှင့် ထပ်တူပြု စဉ်းစားလိုက်သည့်အခါ နိုင်ငံအကျိုးသည် မိမိအကျိုး၊ မိမိအကျိုးသည် နိုင်ငံအကျိုးဟူသော အတွေးအခေါ်တစ်ရပ် ပေါ်ပေါက်လာပါတော့သည်။ မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ခြင်းသည် နိုင်ငံ၏ ကျန်းမာရေးကို ဂရုစိုက်ခြင်းနှင့် အတူတူပဲဟု စဉ်းစားမိသည်။ ထိုအခါ မိမိ အရက်သောက်ခြင်းသည် နိုင်ငံကို အရက်တိုက်ခြင်းနှင့် အတူတူပဲ မဟုတ်လား။ မိမိ ဘိန်းရှူခြင်းသည် နိုင်ငံကို ဘိန်းရှူခိုင်းတာနှင့် အတူတူပဲ မဟုတ်လား။ မိမိ စာမေးပွဲ အောင်ခြင်းသည် နိုင်ငံ စာမေးပွဲအောင်ခြင်းနှင့် အတူတူပဲ။ မိမိ ထူးချွန်ထက်မြက်ခြင်းသည် နိုင်ငံ ထူးချွန်ထက်မြက်ခြင်းနှင့် အတူတူပဲ။

အဓိက ပြောလိုရင်းက ‘နိုင်ငံ’ သည် ကျွန်တော်တို့နှင့် အနီးဆုံးမှာ ရှိနေသည်။ နိုင်ငံသည် ‘အကြီးဆုံး’ ဖြစ်သလို ‘အနီးဆုံး’ လည်း ဖြစ်သောကြောင့် ကျွန်တော်တို့ မြင်ကွင်းထဲမှာ ပျောက်ကွယ်နေသလို ထင်ရသည်။ တကယ်တော့ ကြီးလွန်း နီးလွန်းသောကြောင့် နိုင်ငံကို ကျွန်တော်တို့ မမြင်ရခြင်းဖြစ်သည်။ နိုင်ငံက ကျွန်တော်တို့နှင့်အတူ အမြဲတစေ တည်ရှိနေပါသည်။ နိုင်ငံသည် ကျွန်တော်တို့အားလုံး စုပေါင်းနေထိုင်ကြသည့် ‘အိမ်’ ဖြစ်သည်။ အဆိုပါ အိမ်အရိပ်ကို ကျွန်တော်တို့ နားခိုခဲ့ကြသည်။ သူ့မြေမှာနေ၊ သူ့ရေကို သောက်ပြီး သူ့လေကို ရှူခဲ့ကြပြီးပြီ။ သူ့အတွက် ကျွန်တော်တို့ ဘယ်လောက်အထိ ပြန်လည်ပေးဆပ်ပြီးပြီလဲ။ သူ့ကျေးဇူးတရားကို ဘယ်လောက် ဆင်ခြင်မိခဲ့ပြီးပြီလဲ။

ခေတ်အမျိုးမျိုး စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့သော သူသည် ၁၉၄၈ ခုနှစ်မှာ ကိုလိုနီ လောင်းရိပ်အောက်က ပြန်လည်လွတ်မြောက် လာခဲ့သည်။ သူလွတ်မြောက်ချိန်က ၁၄ နှစ်ခန့်သာ ကြာမြင့်ခဲ့သည်။ ၁၉၆၂ မတ်လ ၂ ရက်နေ့မှာပဲ အာဏာရှင် လောင်းရိပ်အောက်သို့ ပြန်လည်ကျရောက်သွားရသည်။ သူသည် အဆိုပါ လောင်းရိပ်အောက်မှာ နှစ်ပေါင်း ၅၀ ကျော်။ အလူးလူး အလိမ့်လိမ့်။ သွေးရဲရဲ သံရဲရဲ။ ဆုတ်ပြတ်သတ်။ မွဲပြာချွတ်ခြုံကျ။ ခေါင်ကစ မိုးယိုနေသည့် အိမ်အိုကြီး တစ်လုံးလို။ ယိုင်လဲကာ ပြိုကျလုလု။ ဟော ၂၀၁၆ ဧပြီ ၁ ရက်နေ့မှာပဲ အဲဒီ အိမ်အိုကြီး လောင်းရိပ်ဆိုးအောက်ကနေ ရှင်သန်ထမြောက်ခဲ့ပြန်ပြီ။ သူ့ကိုယ်ပေါ်မှာ ဒဏ်ရာတွေ အထပ်ထပ်။ အချို့ ဒဏ်ရာတွေက သွေးမတိတ်သေး။ ပတ်တီးမစည်းရသေး။ ဆေးမထည့်ရသေး။

သူ့ကို ပြန်လည် ကုစားရမည်။ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါသည်။ ယခု အချိန်သည် သူ့ကို အသစ်တစ်ဖန် ပြန်လည် မွေးဖွားရမည့် အချိန်။ ရေမိုးချိုးကာ အ၀တ်သစ် အစားသစ် ပြန်လည်ဆင်မြန်းပေးရမည့် အချိန်။ အဲဒီအတွက် ကျွန်တော်တို့ အားလုံး ကိုယ်စီကိုယ်စီ တာဝန်ယူကြရပါလိမ့်မည်။ နိုင်ငံသစ်ကို အစိုးရနှင့် ပြည်သူပြိုင်တူ တည်ဆောက်ရပါလိမ့်မည်။ အစိုးရချည်းပဲ လွှဲထားလို့ မဖြစ်။ ပြည်သူကလည်း ပူးပေါင်း ကူညီရပါလိမ့်မည်။ အစိုးရနှင့် ပြည်သူ စိတ်တူကိုယ်တူ ညီညွတ်ကြဖို့ လိုပါသည်။

ထိုကဲ့သို့ နိုင်ငံသစ်ကို တည်ဆောက်ကြမည့် အချိန်မှာ အမှောင့်ပယောဂတွေဘေးမှ ၀င်လာတတ်သည်ကို အထူးသတိပြုဖို့ လိုပါသည်။ နိုင်ငံ မငြိမ်သက်အောင် သွေးထိုးလှုံ့ဆော်မည့် သူများ။ အလွန်အကျွံ ၀ါဒဖြန့်မှိုင်း တိုက်မည့်သူများ။ ပွဲလန့်တုန်း ဖျာဝင်ခင်းမလို့ အလစ်ချောင်းနေသူများ။ အဆိုပါ ပုဂ္ဂိုလ်များကို အထူးသတိပြုကြပါ။ ယခုအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ အနေနှင့် လေသံကြား ဖမ်းတရားမနာဖို့ လိုသည်။ ၀ါဒမှိုင်းမမိဖို့ လိုသည်။ ကောလာဟလ၏ သားကောင်မဖြစ်ဖို့ လိုသည်။ အသိအလိမ္မာ ဉာဏ်ပညာဖြင့် အဆိုပါ ဘေးအန္တရာယ်များကို တွန်းလှန်နိုင်ဖို့ လိုပါသည်။

ယခုအချိန်သည် နိုင်ငံသစ် တည်ဆောက်ချိန်။ မိမိတို့ နိုင်ငံကို စေတနာ မှန်မှန်နှင့် လမ်းကြောင်းမှန်ပေါ်ရောက်အောင် တွန်းတင်ပေးဖို့ ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသား အားလုံးမှာ တာဝန်ရှိပါသည်။ အဆိုပါ တာဝန်ကို အသီးသီး ခွဲဝေယူကြပါစို့ဟု နှိုးဆော် တိုက်တွန်းလိုက်ပါသည်။

Writer: 

မောင်ကြည်